တစ်ခါတစ်ခါ အတိတ်က အိပ်မက်ဆိုးတွေကြောင့် အချိုု့ ညတွေကို ဖြတ်သန်းရခက်ပါတယ်ဗျာ .... ။
လွန်ခဲ့တဲ့ ၂၁ နှစ်လောက်ကပေါ့ ....
“ဆယ်တန်းအောင်အဖွဲ့ထဲက ၁၀ ယောက် လက်ဗွေနှိပ်ဖို့ လိုက်ခဲ့” ..
၉၃ ခု ဇွန်လရဲ့ မိုးဖွဲတွေအောက်မှာ ခပ်သွက်သွက်ခြေလှမ်းများနဲ့ လာခေါ်သူ ယူနီဖောင်းဝတ် ရဲဘော်နောက်သို့ လိုက်ပါခဲ့ကြပါတယ်..။ တပ်မတော်သို့ဝင်ရောက်အမှုထမ်းရန် ကိုယ်လက်အင်္ဂါကောင်းမွန်ပြီး ကျန်းမာရေးဆေးစစ်ချက် အောင်မြင်ပြီးသည့်အတွက် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရေး ကတိစာချုပ် ချုပ်ဆိုရမည် ဖြစ်ပါသည် ..။
နေရာက စစ်သားစုဆောင်းတပ် ၊ မင်္ဂလာဒုံ မှာပါ..။
တပ်အတွင်းမှာတော့ ....။
လူအများ မြင်သာသည့်နေရာရှိ ရုံးအဆောက်အဦများကို အပေါ်ရုံးဟု ခေါ်ကြသည်။
ကျနော်တို့ ဆယ်တန်းအောင် ပညာတတ်ကြီးများက အပေါ်ရုံးတွင် ခေတ္တနေကြရသည်။
အောက်ရုံးဆိုတာလည်း ရှိသေးသည်။
ဝင်လာသမျှ ၊ စုဆောင်းလို့ ရလာသမျှ တပ်သားသစ်များအား တပ်ဝင်စာချုပ် ချုပ်ဆိုသည့် နေရာဖြစ်သည်။
အောက်ရုံး အနီးတွင် တပ်သားသစ်များ လေ့ကျင့်ရေးစခန်းများသို့ မသွားရောက်မီ ခေတ္တနားခိုရာ အဆောင်များရှိသည်။
အများက ဘားတိုက် (Barracks)ဟု ခေါ်ကြသည်။
အောက်ရုံးနှင့်ဘားတိုက် အနီးတွင် ကန်စွန်းခင်းများ စိုက်ပျိုးထားသော ရေကန်များလည်းရှိပြီး ပတ်ပတ်လည်ကို သံဆူးကြိုးများဖြင့် ခြံစည်းရိုးခတ်ထားသည်။
ထမင်းစားဆောင်လည်း ရှိသည်။
ဘော်လီဘောကွင်းတွင် ကစားသူအချို့က ကစားနေသလို အချို့က ရေချိုးကန်တွင် ရေချိုးနေကြသည်။
နယ်အစုံ၊ ဘဝအစုံမှ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသော “မ” တစ်ထောင်သားများ ဖြစ်သည်။
အောက်ရုံးသို့ တစ်ခါမှ မရောက်ဖူးသူ ကျနော့အဖို့ အားလုံးသည် အထူးအဆန်းဖြစ်နေသည်။
ဘားတိုက်များမှာ မွန်ခေါင်ပုံစံသွပ်မိုးများနှင့် ခါးတစ်ဝက်လောက် အုပ်စီထားပြီး ပျဉ်ကာအဆောက်အဦများဖြစ်သည်။
ခေါ်လာသူ ရဲဘော်နောက်မှ အောက်ရုံးဆိုသည့် အဆောက်အဦထဲသို့ ကျနော်တို့အဖွဲ့ တန်းစီပြီး ဝင်လာခဲ့ကြသည်။
အဆောက်အဦမှာ ၃ ပေ အကျယ် လူသွားလမ်းချန်၍ တစ်ဖက်စီနံရပ်ကပ်လျက် သုံးပေအမြင့် ကွပ်ပျစ်ခင်းတန်းလျားရှည်ဖြစ်ပြီး ၎င်းပေါ်တွင် သေတ္တာများတင်ကာ စာရေးနေသူ ၄ ၊ ၅ ဦးကို တွေ့ရသည်။
မလှမ်းမကမ်းတွင် အသက် ၃၅ နှစ် ဝန်းကျင် ဘောင်းဘီရှည် ၊ စွပ်ကျယ်ချိုင်းပြတ်ဖြင့် ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်က တပ်သားသစ် တစ်ဦး၏ လက်ကိုကိုင်၍ စာရင်းသွင်းပြီးသားစာချုပ်ပေါ်တွင် လက်ဗွေနှိပ်ပေးနေသည်။
“ဟိုလူတွေနောက်မှာ တန်းစီထား” ခေါ်လာသူ ရဲဘော်က ပြောပြီး ပြန်ထွက်သွားသည်။
သူညွှန်ပြရာကို ကြည့်လိုက်တော့ .....
တပ်သားသစ် ဆယ်ယောက် ... မိုးရေတွေကျနေတဲ့ တစက်မြိတ်အောက်မှာ လက်ဝါးနှစ်ဖက်ကို ပက်လက်လန်ကာ ငုတ်တုတ်ထိုင်နေကျသည်။
လက်ဝါးနှစ်ဖက်နှင့် မိုးရေခံနေတဲ့ ပုံစံမျိုးဖြစ်သည်။
ဘာလုပ်နေကြတာပါလိမ့် ..။
အဲလို စဉ်းစားရခက်နေချိန်မှာ မိုးရေခံနေတဲ့ထဲက တစ်ယောက်က မတ်တပ်ထရပ်လိုက်ပါတယ်။
သူက ထောင်ထောင်မောင်းမောင်းနဲ့ပုဂ္ဂိုလ်ဆီသို့ သွားပြီး ရှေ့တည့်တည့်ကနေ သူ့လက်နှစ်ဖက်ကို ပြရင်း
“ကျနော့လက်က ရပြီလား ဆရာ” လို့မေးလိုက်ပါတယ် ..။
အဲဒီအချိန်မှာ ထောင်ထောင်မောင်းမောင်းနဲ့ပုဂ္ဂိုလ်ရဲ့ ဘယ်ညာ လက်နှစ်ဖက်ဟာ မိုးပေါ်ကို မြောက်တက်သွားပြီး မေးခွန်းထုတ်သူ တပ်သားသစ်ရဲ့ နားအုံနှစ်ဖက်ကို လက်ခုပ်တီးသကဲ့သို့ ဝုန်းကနဲ နှစ်ဖက်ညှပ်ရိုက်လိုက်ပါတယ် ..။
ပါးစပ်ကလည်း ..
“ဒါ စစ်တပ်ကွ ... မင်းအမေ့လင်တပ်မဟုတ်ဘူး .. မခေါ်ရင် မလာနဲ့..ခေါ်မှ လာ..သွား..ကိုယ့်နေရာကိုယ်ပြန်နေ..”
အားပါး...လျှာရှည်သူ သကောင့်သား ... ဘယ်လိုခံစားသွားရမလဲဆိုတာ ....စဉ်းစားသာကြည့်ပေတော့...။
ဒီအတိုင်းဆို ငါ့အလှည့်ကျ မခေါ်မချင်း တေမိမင်းလို နေမှ...။
ကိုယ့်အလှည့်ရောက်မှ ဘာကြောင့် မိုးရေထဲ လက်ဖြန့်ခံထားခိုင်းသလဲ ဆိုတာ သဘောပေါက်ခဲ့ရတယ်..။
မိုးရေကြောင့် လက်အရေပြားတွေ ပဲကြီးရေတွန့်နေမှတော့ လက်ဗွေနှိပ်တဲ့အချိန် ထင်ထင်ရှားရှားပေါ်ပြီပေါ့..။
အတွေ့အကြုံထဲမှာ ခပ်ကြမ်းကြမ်း ရင်းပြီး ရခဲ့တာတွေက မေ့ပျောက်ဖို့ ခက်ခဲလွန်းတယ်...။
0 comments:
Post a Comment
Write your comments please.