Friday, January 9, 2015

ဘက်ထရီကို အကုန် မသုံးလိုက်ပါနဲ့



လွန်ခဲ့တဲ့ နှစ် ၁၄ လောက်ကပေါ့ ...။
ကွန်ပျူတာဆိုတာကလည်း အသုံးပြုသူနည်းသေးတဲ့ အချိန်။
ကွန်ပျူတာနဲ့ အလုပ်လုပ်တယ်ဆိုတာကလည်း ဂုဏ်ယူစရာတစ်ခုလို့ ထင်စရာ။
အစည်းအဝေးတွေမှာ သာမန် ပါးစပ်နဲ့ ရှင်းပြလို့ အဆင်ပြေပေမယ့်  PowerPoint လို့ ခေါ်တဲ့ Presentation လေးတွေနဲ့ ရှင်းပြ ပြောပြရင် ပိုပြီးတော့လည်း ထိရောက်မှုရှိ ၊ အဆင့်အတန်းလည်း မြင့်တယ်လို့ ပြောလို့ရတဲ့အချိန်ပေါ့။

ဒီတော့ ကျနော်လည်း PowerPoint ကို ကျွမ်းကျင်အဆင့်ရောက်အောင် ကြိုးစားခဲ့ရပြန်တာပေါ့။
PowerPoint ကို ဘယ်လောက်ပဲ ကျွမ်းကျင် ကျွမ်းကျင် .. သူတစ်ပါး နားလည်းအောင် ရှင်းပြနိုင်ဖို့ စေတနာလေး ထည့်လုပ်မှ Presentation က အထှာကျပြီး စိတ်ဝင်စားဖို့ကောင်းတာဗျ။
မဟုတ်ရင် ရှင်းပြတဲ့လူကသာ ရှင်းပြနေတာ နားထောင်တဲ့ သူတွေက စိတ်မဝင်စား အိပ်ငိုက်ပေါ့ဗျာ။ အထူးသဖြင့် PowerPoint မှာ Data တွေကို ရှင်းတဲ့အခါ ဂဏန်း ပိစိကွေးလေးတွေနဲ့ လုပ်ထားတာမျိုးတွေက အဆိုးဆုံးပေါ့ဗျာ။

ထားပါလေ ... ။
ကျနော့အဆင့်ကလည်း ရှင်းပြမယ့် တာဝန်ရှိ ပုဂ္ဂိုလ် မဟုတ်လေတော့ သူတို့ပြောသမျှ လုပ်ရတာကိုးဗျ။
သွားပြီး ထက်ကွန့် တက်မိရင် နေရင်းထိုင်ရင်း အဆဲခံရမှာ ဆိုတော့ အဆင်ပြေဆုံးတော့ လုပ်ပေး ရတာပဲလေ ..။
သေချာတာက အစည်းအဝေးရှိတဲ့နေ့ဆို Notebook တစ်လုံး ၊ ပိတ်ကားတစ်ချပ်နဲ့ နေ့ခင်း ထမင်းငတ်မယ့် နေရာကို သွား .... ။
ပြီးရင် ပိတ်ကားကို ထောင် ..။
အစည်းအဝေးခန်းက စီစဉ်ပေးထားတဲ့ Projector နဲ့ ကိုယ်ပါသွားတဲ့ Laptop နဲ့ ပိတ်ကား အဆင်ပြေအောင် ချိန်...ညှိ။
ရှင်းပြမယ့် ပုဂ္ဂိုလ်အတွက် အဆင်ပြေလောက်မယ့် နေရာမှာ Notebook ကို ထား ..။
ပြီးရင် Notebook ရဲ့ Power Cable ကို ခြေထောက်နဲ့ လွှတ်အောင် စားပွဲအောက် AC မီးပလပ်ပေါက်မှာ တပ်ထားခဲ့။
နောက်ဆုံးအဆင့် .... ရှင်းပြမယ့် PowerPoint File ကို ဖွင့်ပေးပြီး ရှင်းပြမယ့် ပုဂ္ဂိုလ်ကြီးက Space Bar တစ်ချက်ခြင်း ပုတ်ပြီး လွယ်လွယ်လေး စတိုင်နဲ့ ရှင်းပြနိုင်အောင် စီစဉ်ပေးခဲ့ပြီးရင် အစည်းအဝေးခန်းမရဲ့  အနောက်ဘက် ချောင်ကျကျနေရာတစ်ခုမှာ စာအုပ်တစ်အုပ်နဲ့ နှပ်နေတော့တာပေါ့ (ခုခေတ်ဆိုရင်တော့ မိုဘိုင်းဖုန်းလေးနဲ့ ဂိမ်းဆော့ အချိန်ဖြုန်းလို့ ရတာပေါ့)။

အစည်းအဝေးစပါပြီ ...။ ကျနော့ ပုဂ္ဂိုလ်ကြီးကလည်း အသင့်လုပ်ပေးထားတဲ့ Laptop ကို ဟန်ပါပါ တစ်ချက်ခြင်းနှိပ်ပြီး ရှင်းပြနေပါပြီ။

မီးကလည်း မပျက်ပါဘူး ...။ အားလုံးအဆင်ပြေနေတာပေါ့ ။

အဲဒီလိုအချိန်မှာ ကျနော့ ပုဂ္ဂိုလ်ကြီးရဲ့ ခြေထောက်က အငြိမ်မနေပဲ စားပွဲအောက်က Laptop ရဲ့  Power Cable ကို ပလပ်ပေါက်ကနေ ကျွတ်သွားအောင် ကန်ထုတ်လိုက်တာကို သူ့ကိုယ့်သူလည်း မသိ။ ကျနော်လည်း မသိ (စာအုပ်ဖတ်နေတာကိုးဗျ)။
ဘယ်လောက်တောင် ကြာသွားလည်း မသိဘူးဗျာ ...။ ပိတ်ကားမှာ Battery Low နဲ့ ပက်သက်လို့ သတိပေးစာတမ်းတွေပေါ်လာပြီ..။
ဒါပေမယ့် ပုဂ္ဂိုလ်ကြီးက အရှိန်ကောင်းနေလေတော့ စာတမ်းကို သူ မမြင်ရှာဘူး။

နောက်ဆုံးတော့ သူရှင်းပြတာ မပြီးခင်လေးမှာပဲ Laptop က Battery Down ပြီး ဖုတ်ဆို ပြုတ်ကျပြီး ရပ်သွားတော့တာပေါ့။

ကျနော့ ပုဂ္ဂိုလ်ကြီးကလည်း အလာသားလား...။ “ကဲ ... အားလုံး အစည်းအဝေး ခေတ္တနားလို့ ကော်ဖီလေးများ သုံးဆောင်ကြပါဦး” ...လို့ ပညာသားပါပါနဲ့ Brake လုပ်လိုက်ပါတယ် ...။
 ပြီးတာနဲ့ “ဟေ့ မောင်ရင်လေး .. လုပ်ဦးဟ ... မင့်ဟာကြီး ဘယ့်နှယ့်ကြောင့် ရပ်သွားတာတုန်း” တဲ့..။
ကျနော်လည်း ပြူးပြဲလို့ ရှာဖွေစစ်ဆေးကြည့်လိုက်တော့ Laptop ရဲ့  Power Cable ကို ပလပ်ပေါက်ကနေ ကျွတ်နေတာကို တွေ့ပါတော့တယ်..။

“ဒါဆို ပလပ်ပေါက်မှာ Power Cable ပြန်တပ်လိုက်ရင် ပြန်စလို့ ရပြီပေါ့” တဲ့ ...။
အဲဒီခေတ်မှာ သုံးခဲ့တဲ့ Laptop တွေ ဘယ်လောက်များ နိမ့်သလဲဆို Power Cable ပြန်တပ်လိုက်ပေမယ့် ဘယ်လိုမှ ပြန်ပွင့် မလာခဲ့ပါဘူး .. ဒီလိုနဲ့ အစည်းအဝေး ဒုတိယပိုင်းမှာ ပိတ်ကားနဲ့ ရှင်းပြဖို့ အခွင့်အရေးကို သူလက်လွတ်ခဲ့ရပါတယ် ...။

ခုခေတ်မှာလည်း ကျနော့ မိတ်ဆွေများ သိထားဖို့က မိမိတို့ သုံးနေတဲ့ Dry Cell ဘက်ထ္ထရီအခြေခံထားတဲ့ (Note Book, Net Book, Tablet, Mobile) မည်သည့် ပစ္စည်းကိုမဆို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်တော့ ချန်ထားပြီး သတိနဲ့ သုံးကြပါလို့...။


0 comments:

Post a Comment

Write your comments please.