Friday, January 9, 2015

ထင်ရှားတဲ့ လက်ဗွေတစ်ခု ရဖို့ .....

တစ်ခါတစ်ခါ အတိတ်က အိပ်မက်ဆိုးတွေကြောင့် အချိုု့   ညတွေကို ဖြတ်သန်းရခက်ပါတယ်ဗျာ .... ။


လွန်ခဲ့တဲ့ ၂၁ နှစ်လောက်ကပေါ့ ....
“ဆယ်တန်းအောင်အဖွဲ့ထဲက ၁၀ ယောက် လက်ဗွေနှိပ်ဖို့ လိုက်ခဲ့” ..
၉၃ ခု ဇွန်လရဲ့ မိုးဖွဲတွေအောက်မှာ ခပ်သွက်သွက်ခြေလှမ်းများနဲ့ လာခေါ်သူ ယူနီဖောင်းဝတ် ရဲဘော်နောက်သို့ လိုက်ပါခဲ့ကြပါတယ်..။ တပ်မတော်သို့ဝင်ရောက်အမှုထမ်းရန် ကိုယ်လက်အင်္ဂါကောင်းမွန်ပြီး ကျန်းမာရေးဆေးစစ်ချက် အောင်မြင်ပြီးသည့်အတွက် အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရေး ကတိစာချုပ် ချုပ်ဆိုရမည် ဖြစ်ပါသည် ..။
နေရာက စစ်သားစုဆောင်းတပ် ၊ မင်္ဂလာဒုံ မှာပါ..။
တပ်အတွင်းမှာတော့ ....။
လူအများ မြင်သာသည့်နေရာရှိ ရုံးအဆောက်အဦများကို အပေါ်ရုံးဟု ခေါ်ကြသည်။
ကျနော်တို့ ဆယ်တန်းအောင် ပညာတတ်ကြီးများက အပေါ်ရုံးတွင် ခေတ္တနေကြရသည်။
အောက်ရုံးဆိုတာလည်း ရှိသေးသည်။
ဝင်လာသမျှ ၊ စုဆောင်းလို့ ရလာသမျှ တပ်သားသစ်များအား တပ်ဝင်စာချုပ် ချုပ်ဆိုသည့် နေရာဖြစ်သည်။
အောက်ရုံး အနီးတွင် တပ်သားသစ်များ လေ့ကျင့်ရေးစခန်းများသို့ မသွားရောက်မီ ခေတ္တနားခိုရာ အဆောင်များရှိသည်။
အများက ဘားတိုက် (Barracks)ဟု ခေါ်ကြသည်။
အောက်ရုံးနှင့်ဘားတိုက် အနီးတွင် ကန်စွန်းခင်းများ စိုက်ပျိုးထားသော ရေကန်များလည်းရှိပြီး ပတ်ပတ်လည်ကို သံဆူးကြိုးများဖြင့် ခြံစည်းရိုးခတ်ထားသည်။
ထမင်းစားဆောင်လည်း ရှိသည်။
ဘော်လီဘောကွင်းတွင် ကစားသူအချို့က ကစားနေသလို အချို့က ရေချိုးကန်တွင် ရေချိုးနေကြသည်။
နယ်အစုံ၊ ဘဝအစုံမှ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသော “မ” တစ်ထောင်သားများ ဖြစ်သည်။
အောက်ရုံးသို့ တစ်ခါမှ မရောက်ဖူးသူ ကျနော့အဖို့ အားလုံးသည် အထူးအဆန်းဖြစ်နေသည်။
ဘားတိုက်များမှာ မွန်ခေါင်ပုံစံသွပ်မိုးများနှင့် ခါးတစ်ဝက်လောက် အုပ်စီထားပြီး ပျဉ်ကာအဆောက်အဦများဖြစ်သည်။
ခေါ်လာသူ ရဲဘော်နောက်မှ အောက်ရုံးဆိုသည့် အဆောက်အဦထဲသို့ ကျနော်တို့အဖွဲ့ တန်းစီပြီး ဝင်လာခဲ့ကြသည်။
အဆောက်အဦမှာ ၃ ပေ အကျယ် လူသွားလမ်းချန်၍ တစ်ဖက်စီနံရပ်ကပ်လျက် သုံးပေအမြင့် ကွပ်ပျစ်ခင်းတန်းလျားရှည်ဖြစ်ပြီး ၎င်းပေါ်တွင် သေတ္တာများတင်ကာ စာရေးနေသူ ၄ ၊ ၅ ဦးကို တွေ့ရသည်။
မလှမ်းမကမ်းတွင် အသက် ၃၅ နှစ် ဝန်းကျင် ဘောင်းဘီရှည် ၊ စွပ်ကျယ်ချိုင်းပြတ်ဖြင့် ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်က တပ်သားသစ် တစ်ဦး၏ လက်ကိုကိုင်၍ စာရင်းသွင်းပြီးသားစာချုပ်ပေါ်တွင် လက်ဗွေနှိပ်ပေးနေသည်။
“ဟိုလူတွေနောက်မှာ တန်းစီထား” ခေါ်လာသူ ရဲဘော်က ပြောပြီး ပြန်ထွက်သွားသည်။
သူညွှန်ပြရာကို ကြည့်လိုက်တော့ .....
တပ်သားသစ် ဆယ်ယောက် ... မိုးရေတွေကျနေတဲ့ တစက်မြိတ်အောက်မှာ လက်ဝါးနှစ်ဖက်ကို ပက်လက်လန်ကာ ငုတ်တုတ်ထိုင်နေကျသည်။
လက်ဝါးနှစ်ဖက်နှင့် မိုးရေခံနေတဲ့ ပုံစံမျိုးဖြစ်သည်။
ဘာလုပ်နေကြတာပါလိမ့် ..။
အဲလို စဉ်းစားရခက်နေချိန်မှာ မိုးရေခံနေတဲ့ထဲက တစ်ယောက်က မတ်တပ်ထရပ်လိုက်ပါတယ်။
သူက ထောင်ထောင်မောင်းမောင်းနဲ့ပုဂ္ဂိုလ်ဆီသို့ သွားပြီး ရှေ့တည့်တည့်ကနေ သူ့လက်နှစ်ဖက်ကို ပြရင်း
“ကျနော့လက်က ရပြီလား ဆရာ” လို့မေးလိုက်ပါတယ် ..။
အဲဒီအချိန်မှာ ထောင်ထောင်မောင်းမောင်းနဲ့ပုဂ္ဂိုလ်ရဲ့ ဘယ်ညာ လက်နှစ်ဖက်ဟာ မိုးပေါ်ကို မြောက်တက်သွားပြီး မေးခွန်းထုတ်သူ တပ်သားသစ်ရဲ့ နားအုံနှစ်ဖက်ကို လက်ခုပ်တီးသကဲ့သို့ ဝုန်းကနဲ နှစ်ဖက်ညှပ်ရိုက်လိုက်ပါတယ် ..။
ပါးစပ်ကလည်း ..
“ဒါ စစ်တပ်ကွ ... မင်းအမေ့လင်တပ်မဟုတ်ဘူး .. မခေါ်ရင် မလာနဲ့..ခေါ်မှ လာ..သွား..ကိုယ့်နေရာကိုယ်ပြန်နေ..”
အားပါး...လျှာရှည်သူ သကောင့်သား ... ဘယ်လိုခံစားသွားရမလဲဆိုတာ ....စဉ်းစားသာကြည့်ပေတော့...။
ဒီအတိုင်းဆို ငါ့အလှည့်ကျ မခေါ်မချင်း တေမိမင်းလို နေမှ...။
ကိုယ့်အလှည့်ရောက်မှ ဘာကြောင့် မိုးရေထဲ လက်ဖြန့်ခံထားခိုင်းသလဲ ဆိုတာ သဘောပေါက်ခဲ့ရတယ်..။
မိုးရေကြောင့် လက်အရေပြားတွေ ပဲကြီးရေတွန့်နေမှတော့ လက်ဗွေနှိပ်တဲ့အချိန် ထင်ထင်ရှားရှားပေါ်ပြီပေါ့..။

အတွေ့အကြုံထဲမှာ ခပ်ကြမ်းကြမ်း ရင်းပြီး ရခဲ့တာတွေက မေ့ပျောက်ဖို့ ခက်ခဲလွန်းတယ်...။

စနစ်ကျ လုံခြုံသော လျှပ်စစ်ကို သတိရှိရှိ အသုံးပြုဖို့

၉ ဇန်နဝါရီ ၂၀၁၅

ကန်ထရိုက်တိုက်မှာနေတာ ဆိုပေမယ့် ကန်ထရိုက်က ရိုက်ပေးခဲ့တဲ့ မီးလိုင်းက အများကြီး သုံးလို့မရနိုင်ဘူး ဆိုတာ တော်တော်များများ သိကြမှာပါ ...။

ဒါကြောင့်လည်း မီးလိုင်းကို ဆားဗစ်ကြိုးကြီးကအစ ပြန်ဆွဲကြပါတယ်။

ဒါ့အပြင် ကန်ထရိုက်ဆွဲပေးတဲ့အထဲမှာ မပါတဲ့ အဲကွန်းတို့ ၊ ကွန်ပျူတာတို့ ၊ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက်တို့ Pump မော်တာတို့ မီးဖိုတို့ အတွက်ပါ လိုင်းအပိုတွေ ထပ်ဆွဲကြရပါတယ်..။

ဒီ့အတွက် ကျွမ်းကျင်တဲ့ မီးသမားကို ခေါ်ပြီး အစဆုံးနီးပါး ပြန်လုပ်ကြရပါတယ် ..။
ကျနော်လည်း အဲဒီအတိုင်း ပြန်လုပ်ခဲ့ရပါတယ် ...။

ဒါကြောင့် တစ်အိမ်လုံးမှာ Lighting အတွက်က သီးသန့် ၊ Loading ကြီးကြီးဆွဲမယ့် နေရာတွေအတွက်က သီးသန့် ဖြစ်အောင် Breaker တွေနဲ့ Safe ဖြစ်အောင် လုပ်ခဲ့ရပါတယ်..။

ဒါလေးကို DB လို့ ခေါ်ပါတယ်..။ Distribution Box ပေါ့..။



ဘယ်ဘယ်အစွန်က ၂ခုတွဲကြီးက မိန်းဘရေကာပေါ့.. သူ့ဆီကို ဆားဗစ်ကြိုးကြီးက ဝင်လာပြီး အသေးလေးတွေက တစ်အိမ်လုံးအတွက် သီးသန့်လိုင်း ဘရေကာ အနေနဲ့ ဖြန့်ခွဲပေးတာပေါ့။

လုပ်ခဲ့တဲ့ မီးသမားကလည်း ကျွမ်းကျင်သလို ဆရာလည်းကျပါတယ် ..။ စနစ်လည်းကျပါတယ် ...။ ဒါပေမယ့် သူ Screw တစ်လုံး ကြပ်ဖို့ မေ့သွားတာလေးက ဒီနေ့ ကျနော် အတွက် ရုံးနောက်ကျလောက်အောင် အလုပ်များခဲ့ရပါတယ်။

၇နာရီခွဲလောက်မှာ ဇနီးဖြစ်သူက  ထမင်းပေါင်းအိုးတည်ထားပြီး induction cooker နဲ့ ငါးကြော်နေတုန်း ပေါင်းအိုးရော မှန်ပြားမီးဖိုရော မီးမဝင်တော့ဘူး ဖြစ်သွားတယ်။ ဒါနဲ့ DB ကို လာကြည့်တော့






အဲဒီ မီးဖိုလိုင်းရဲ့ ဘရေကာက ကျနေပါတယ်... ဒါဆိုရင် မီးဖို (သို့မဟုတ်) ပေါင်းအိုးမှာ  Shock ရှိနေပြီ ဆိုပြီး တစ်ခုခြင်း စစ်ကြည့်တော့လည်း အဲဒီ ဘရေကာလေး တင်လို့ကို မရဘူးဖြစ်နေတယ်..။ ဒါကြောင့် DB အဖုံးကို ဖွင့်ကြည့်လိုက်တော့မှ



အဲဒီနေရာမှာ Screw ကို သေချာ မကြပ်ခဲ့တဲ့အတွက် Wire က လွတ်လွတ် လွတ်လွတ်ဖြစ်ရာက ခုလို ပျော်ကျပြီး အပူထွက်လာရာက Breaker က ဖြုတ်ချတဲ့ အဆင့်ရောက်ခဲ့ပါတယ်။
 ဒီတော့ အသစ်လဲဖို့ ဖြုတ်လည်း ဖြုတ်ကြည့်ရော


Breaker က လောင်တဲ့အဆင့်ရောက်သွားပါပြီ..။ ဒါကြောင့် အသစ်တစ်ခု ချက်ခြင်း ပြေးဝယ်လို့ တပ်လိုက်တဲ့အခါ

ခုလို အားလုံး ပြန်ကောင်းသွားပါတယ် ...။


လျှပ်စစ်မီးလိုင်းနဲ့ ပက်သက်လာရင် ပိုက်ဆံများများနဲ့ ပစ္စည်းကောင်းကောင်း သုံးဖို့ ဝန်မလေးပါနဲ့ ။

နောက်ပြီး ဘယ်လောက်ပဲ ကျွမ်းကျင်ပါတယ် ပြောပြော သေချာအောင် အပြီးသတ် စစ်ဆေးနိုင်ရင် အကောင်းဆုံးပါ။

တတ်သလိုလိုနဲ့လည်း အရဲစွန့်ပြီး မစမ်းကြည့်ပါနဲ့ ... အမှားမခံပါဘူး ..။ အတွေ့အကြုံ တစ်ခုပေါ့ နော့....။

ဘက်ထရီကို အကုန် မသုံးလိုက်ပါနဲ့



လွန်ခဲ့တဲ့ နှစ် ၁၄ လောက်ကပေါ့ ...။
ကွန်ပျူတာဆိုတာကလည်း အသုံးပြုသူနည်းသေးတဲ့ အချိန်။
ကွန်ပျူတာနဲ့ အလုပ်လုပ်တယ်ဆိုတာကလည်း ဂုဏ်ယူစရာတစ်ခုလို့ ထင်စရာ။
အစည်းအဝေးတွေမှာ သာမန် ပါးစပ်နဲ့ ရှင်းပြလို့ အဆင်ပြေပေမယ့်  PowerPoint လို့ ခေါ်တဲ့ Presentation လေးတွေနဲ့ ရှင်းပြ ပြောပြရင် ပိုပြီးတော့လည်း ထိရောက်မှုရှိ ၊ အဆင့်အတန်းလည်း မြင့်တယ်လို့ ပြောလို့ရတဲ့အချိန်ပေါ့။

ဒီတော့ ကျနော်လည်း PowerPoint ကို ကျွမ်းကျင်အဆင့်ရောက်အောင် ကြိုးစားခဲ့ရပြန်တာပေါ့။
PowerPoint ကို ဘယ်လောက်ပဲ ကျွမ်းကျင် ကျွမ်းကျင် .. သူတစ်ပါး နားလည်းအောင် ရှင်းပြနိုင်ဖို့ စေတနာလေး ထည့်လုပ်မှ Presentation က အထှာကျပြီး စိတ်ဝင်စားဖို့ကောင်းတာဗျ။
မဟုတ်ရင် ရှင်းပြတဲ့လူကသာ ရှင်းပြနေတာ နားထောင်တဲ့ သူတွေက စိတ်မဝင်စား အိပ်ငိုက်ပေါ့ဗျာ။ အထူးသဖြင့် PowerPoint မှာ Data တွေကို ရှင်းတဲ့အခါ ဂဏန်း ပိစိကွေးလေးတွေနဲ့ လုပ်ထားတာမျိုးတွေက အဆိုးဆုံးပေါ့ဗျာ။

ထားပါလေ ... ။
ကျနော့အဆင့်ကလည်း ရှင်းပြမယ့် တာဝန်ရှိ ပုဂ္ဂိုလ် မဟုတ်လေတော့ သူတို့ပြောသမျှ လုပ်ရတာကိုးဗျ။
သွားပြီး ထက်ကွန့် တက်မိရင် နေရင်းထိုင်ရင်း အဆဲခံရမှာ ဆိုတော့ အဆင်ပြေဆုံးတော့ လုပ်ပေး ရတာပဲလေ ..။
သေချာတာက အစည်းအဝေးရှိတဲ့နေ့ဆို Notebook တစ်လုံး ၊ ပိတ်ကားတစ်ချပ်နဲ့ နေ့ခင်း ထမင်းငတ်မယ့် နေရာကို သွား .... ။
ပြီးရင် ပိတ်ကားကို ထောင် ..။
အစည်းအဝေးခန်းက စီစဉ်ပေးထားတဲ့ Projector နဲ့ ကိုယ်ပါသွားတဲ့ Laptop နဲ့ ပိတ်ကား အဆင်ပြေအောင် ချိန်...ညှိ။
ရှင်းပြမယ့် ပုဂ္ဂိုလ်အတွက် အဆင်ပြေလောက်မယ့် နေရာမှာ Notebook ကို ထား ..။
ပြီးရင် Notebook ရဲ့ Power Cable ကို ခြေထောက်နဲ့ လွှတ်အောင် စားပွဲအောက် AC မီးပလပ်ပေါက်မှာ တပ်ထားခဲ့။
နောက်ဆုံးအဆင့် .... ရှင်းပြမယ့် PowerPoint File ကို ဖွင့်ပေးပြီး ရှင်းပြမယ့် ပုဂ္ဂိုလ်ကြီးက Space Bar တစ်ချက်ခြင်း ပုတ်ပြီး လွယ်လွယ်လေး စတိုင်နဲ့ ရှင်းပြနိုင်အောင် စီစဉ်ပေးခဲ့ပြီးရင် အစည်းအဝေးခန်းမရဲ့  အနောက်ဘက် ချောင်ကျကျနေရာတစ်ခုမှာ စာအုပ်တစ်အုပ်နဲ့ နှပ်နေတော့တာပေါ့ (ခုခေတ်ဆိုရင်တော့ မိုဘိုင်းဖုန်းလေးနဲ့ ဂိမ်းဆော့ အချိန်ဖြုန်းလို့ ရတာပေါ့)။

အစည်းအဝေးစပါပြီ ...။ ကျနော့ ပုဂ္ဂိုလ်ကြီးကလည်း အသင့်လုပ်ပေးထားတဲ့ Laptop ကို ဟန်ပါပါ တစ်ချက်ခြင်းနှိပ်ပြီး ရှင်းပြနေပါပြီ။

မီးကလည်း မပျက်ပါဘူး ...။ အားလုံးအဆင်ပြေနေတာပေါ့ ။

အဲဒီလိုအချိန်မှာ ကျနော့ ပုဂ္ဂိုလ်ကြီးရဲ့ ခြေထောက်က အငြိမ်မနေပဲ စားပွဲအောက်က Laptop ရဲ့  Power Cable ကို ပလပ်ပေါက်ကနေ ကျွတ်သွားအောင် ကန်ထုတ်လိုက်တာကို သူ့ကိုယ့်သူလည်း မသိ။ ကျနော်လည်း မသိ (စာအုပ်ဖတ်နေတာကိုးဗျ)။
ဘယ်လောက်တောင် ကြာသွားလည်း မသိဘူးဗျာ ...။ ပိတ်ကားမှာ Battery Low နဲ့ ပက်သက်လို့ သတိပေးစာတမ်းတွေပေါ်လာပြီ..။
ဒါပေမယ့် ပုဂ္ဂိုလ်ကြီးက အရှိန်ကောင်းနေလေတော့ စာတမ်းကို သူ မမြင်ရှာဘူး။

နောက်ဆုံးတော့ သူရှင်းပြတာ မပြီးခင်လေးမှာပဲ Laptop က Battery Down ပြီး ဖုတ်ဆို ပြုတ်ကျပြီး ရပ်သွားတော့တာပေါ့။

ကျနော့ ပုဂ္ဂိုလ်ကြီးကလည်း အလာသားလား...။ “ကဲ ... အားလုံး အစည်းအဝေး ခေတ္တနားလို့ ကော်ဖီလေးများ သုံးဆောင်ကြပါဦး” ...လို့ ပညာသားပါပါနဲ့ Brake လုပ်လိုက်ပါတယ် ...။
 ပြီးတာနဲ့ “ဟေ့ မောင်ရင်လေး .. လုပ်ဦးဟ ... မင့်ဟာကြီး ဘယ့်နှယ့်ကြောင့် ရပ်သွားတာတုန်း” တဲ့..။
ကျနော်လည်း ပြူးပြဲလို့ ရှာဖွေစစ်ဆေးကြည့်လိုက်တော့ Laptop ရဲ့  Power Cable ကို ပလပ်ပေါက်ကနေ ကျွတ်နေတာကို တွေ့ပါတော့တယ်..။

“ဒါဆို ပလပ်ပေါက်မှာ Power Cable ပြန်တပ်လိုက်ရင် ပြန်စလို့ ရပြီပေါ့” တဲ့ ...။
အဲဒီခေတ်မှာ သုံးခဲ့တဲ့ Laptop တွေ ဘယ်လောက်များ နိမ့်သလဲဆို Power Cable ပြန်တပ်လိုက်ပေမယ့် ဘယ်လိုမှ ပြန်ပွင့် မလာခဲ့ပါဘူး .. ဒီလိုနဲ့ အစည်းအဝေး ဒုတိယပိုင်းမှာ ပိတ်ကားနဲ့ ရှင်းပြဖို့ အခွင့်အရေးကို သူလက်လွတ်ခဲ့ရပါတယ် ...။

ခုခေတ်မှာလည်း ကျနော့ မိတ်ဆွေများ သိထားဖို့က မိမိတို့ သုံးနေတဲ့ Dry Cell ဘက်ထ္ထရီအခြေခံထားတဲ့ (Note Book, Net Book, Tablet, Mobile) မည်သည့် ပစ္စည်းကိုမဆို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်တော့ ချန်ထားပြီး သတိနဲ့ သုံးကြပါလို့...။


ကွန်ပျူတာ သုံးနေရင်း ရုတ်တရက် Restart ဖြစ်သွားဘူးလား

ကွန်ပျူတာ သုံးနေရင်းနဲ့ Restart ကျသွားလို့ Save မလုပ်လိုက်ရတဲ့အခါ အလုပ်တွေကို အစက ပြန်လုပ်ခဲ့ရတဲ့ အဖြစ်မျိုး ကြုံဖူးကြမှာပါ -


ဖြစ်နိုင်ခြေရှိတဲ့ အချက်များကို ပြောပါမယ် -

၁။ ခြေတံ ရှည်လွန်းသော Desktop PC အသုံးပြုသူများ တစ်ခါတစ်ရံ ခြေထောက်ဆန့်ရင်းနဲ့ ကွန်ပျူတာပုံး (casing) နောက်ဘက် Power Supply တွင် တပ်ထားသော Power Cable ကို ဆွဲသလို ထိမိရာမှ Restart ဖြစ်သွားခြင်း။


၂။ တစ်ခုခုကို စိတ်တိုနေရာမှ ကွန်ပျူတာသို့ မဲ၍ Keyboard ကို အသားကုန် ရိုက်နှက်သည်။ ထိုမှ Key လုံးများ ကျွံဝင်သွားသည်ကို မသိသည့်အတွက် မကြာခဏ Restart နဲ့ နှစ်ပါးသွားရခြင်း။




၃။ Hard Disk , Memory နှင့် CPU များ လိုအပ်သည်ထက် ပိုမို စွမ်းဆောင်ရသည့်အတွက်လည်းကောင်း ၊ (သို့မဟုတ်) ပုံမှန်အလုပ်မလုပ်၍ လည်းကောင်း ၊ Heat တက်ရာမှလည်းကောင်း Restart ကျခြင်း။

၄။ ကွန်ပျူတာ အသုံးပြုချိန်တွင် မီးအားအတက်အကျ ပမဏာများလွန်း ၊ နည်းလွန်းခြင်း။ မကြာခဏ ထိုသို့ အတက်အကျ အကြိမ်ရေ များရာမှ (AVR မပါသော) UPS ၊ Power Supply တို့ လုံး၀ ပျက်စီးခြင်းမျိုးမဟုတ်ပဲ ပုံမှန်အတိုင်း အလုပ်မလုပ်ရာမှ Random Restart ကျခြင်း။

၅။ အသုံးပြုနေစဉ်  ကွန်ပျူတာပုံး (casing) အား တစ်ခုခုဖြင့် တိုက်မိရာမှ (Memory Lose ဖြစ်ရာမှ) Restart ကျခြင်း။

၆။ Virus ကြောင့် Restart ကျခြင်း။

၇ ။ Shock ရနေသော  USB (Flash Drive, Hard Drive, MP3/4 Player) Devices များ တပ်မိရာမှ Restart ကျခြင်း။